သွတ်လတ်စွာ ပြောဆိုနိုင်မှုလား? တိကျမှန်ကန်စွာ ပြောဆိုရေးသားနိုင်မှုလား? ဘယ်ဟာ ပိုအရေးပါသလဲ? (Fluency or Accuracy? Which one is more important?)
လွန်ခဲ့တဲ့အပတ်က
ကျွန်တော့်ရဲ့ Facebook reel မှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မေးခဲ့ပါတယ်။
အင်္ဂလိပ်စာသင်ပေးတဲ့ (သို့) သင်ယူနေတဲ့သူတွေအကြားမှာ ဒီ
(၂) ခုနဲ့ ပတ်သက်ပြီး အငြင်းအခုံလိုလို ဖြစ်နေခဲ့တာ ကြာပါပြီ။
အမှားအမှန်ရွေးလို့ရတဲ့ အချက်မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ (၂)ချက်စလုံးကလည်း ချဉ်းကပ်မှု(၂)မျိုးကနေ
သွားနေကြတာ ဖြစ်ပါတယ်။ ဒီ(၂)ခုကို ရှင်းပြဖို့ ထင်သလောက် မလွယ်ကူတာကို တွေ့ရပါတယ်။
၁။ သွတ်လတ်စွာ ပြောဆိုနိုင်မှု။
ဒီအချက်ဟာ
အင်္ဂလိပ်စာသင်ယူသူအနေနဲ့ သူ့ရဲ့ ပင်ကိုသွတ်လတ်မှုနဲ့ မကြောက်မရွံ့ ပြောဆိုတတ်တဲ့
အကျင့်တွေ ပေါင်းစပ်မှုကြောင့်လည်း
၎င်းအင်္ဂလိပ်ဘာသာစကားကို သင်ယူတဲ့အခါ၊ တခြားသူတွေထက်
ပိုမိုသွတ်လတ်မြန်ဆန်စွာ ပြောဆိုနိုင်စွမ်းကို ဖြစ်ပေါ်စေတာလည်း ဖြစ်နိုင်ပါတယ်။
တကယ့် Native speakers တွေနဲ့
အပြန်အလှန် ပြောဆိုတဲ့အခါ မကြောက်မရွံ့ပြောဆိုနိုင်တဲ့အတွက် တစ်ခါတစ်လေမှာ
အသံထွက်မှား၊ စကားလုံးအသုံး အနှုန်းအမှားတွေကြောင့် နားလည်မှုလွဲမှားစေတဲ့ အချက်တွေကိုတောင်
ပြန်လည် ရှင်းပြနိုင်စွမ်းရှိပါတယ်။ သူဆိုလိုချင်တဲ့အရာ(အိုင်ဒီယာ)ကို တစ်ဖက်သား နားလည်အောင်
လိုရင်းတိုရှင်း ရှင်းပြပေးနိုင်စွမ်း ရှိတယ်။ နောက်တစ်ခုက ပညာရှင်တွေရဲ့ အသိုင်းအဝိုင်း(Professional setting) တွေမှာတောင် ဒီသွတ်လတ် မြန်ဆန်မှုက အရေးပါတယ်။ အထူးသဖြင့် debate တွေ လုပ်တဲ့အချိန်မျိုးမှာ၊ Panel discussions စတာတွေ လုပ်တဲ့အခါမှာ အရမ်းကြီး စကားပြောနှေး နေရင် အဆင်မပြေ ဖြစ်တတ်ပါတယ်။
ဘာသာစကားတစ်ခုကို
သွတ်လတ်စွာပြောဆိုနိုင်တဲ့ သူတွေအတွက် အားနည်းချက် ကတော့ ဥပမာ-ကာလ(Tense)၊ စကားလုံးတွေ၊ Verb form တွေကို
လွဲမှားစွာ အသုံးပြုမိတာ၊ သဒ္ဒါစည်းကမ်းချက်တွေနဲ့ပတ်သက်ပြီး လိုက်နာမှု
အားနည်းသွား နိုင်တယ်။ အရေးပိုင်းမှာ တိကျမှန်ကန်မှု အားနည်းသွားနိုင်တယ်။ အထူးသဖြင့်
ကလေးတွေကို အင်္ဂလိပ်စာသင်ပေးတဲ့အခါ ဒီအချက်ကိုလည်းသတိ ထားပေးသင့် ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အမှားတစ်ခုကို စမှားတဲ့အခါ မပြင်ပေးလိုက်ရင် (သို့) ဆရာ/မတွေက
အမှားကို အမှန်အဖြစ် သင်ပေးလိုက်ရင် တစ်သက်လုံးနီးပါး ပြန်လည်ပြုပြင်ဖို့
မလွယ်တော့ဘူး။ တချို့တွေ့က တိကျမှန်ကန်မှုဟာ စာအရေး အသားမှာပဲ လိုအပ်တယ်လို့
ပြောတတ်ကြတယ်။ ဒါပေမဲ့ ဒီအချက်နဲ့ပတ်သက်ပြီး မှားသလား? (သို့) မှန်သလား? ဆိုတာကို
အောက်က ဥပမာကို ဖတ်ကြည့်လိုက်ပါအုံး။
အင်္ဂလိပ်ဘာသာစကားဟာ
အရမ်းနူးညံ့သိမ်မွေ့သလို၊ တစ်ဖက်မှာလည်း အရမ်းတိကျမှု ရှိတတ်ပါတယ်။ ဥပမာ-
“ကျွန်တော်
မနေ့က လမ်းပေါ်မှာ ကားအက်ဆီးဒင့်ဖြစ်တာကို တွေ့ခဲ့တယ်” ဆိုတာကို “I see a car crash on the road
yesterday.’ လို့ ပြောလိုက်မိရင် နားတော့လည်ပေမဲ့ တော်တော် စဉ်းစားရမှာ။ ဘာဖြစ်
လို့လဲ ဆိုတော့ ‘see’ က past tense ဖြစ်မနေဘဲ၊
present tense ဖြစ်နေတယ်။ နောက်တစ်ခု
“ကျွန်တော် ခင်ဗျားကို မနက်ဖြန် ဟိုတယ်မှာ တွေ့မယ်” I will met you at your hotel tomorrow. လို့ ပြောလိုက်မိ
တယ်။ အနာဂတ်ကို ရည်ညွှန်းတဲ့ will ကို သုံးထား ပေမဲ့ Main Verb ကို Past tense နဲ့ သုံးထားတယ်။ အသံပါ Past tense နဲ့ ထွက်ထားသေးတယ်။
၂။ တိကျမှန်ကန်စွာ ပြောဆိုရေးသားနိုင်မှု။
ပထမဦးဆုံး သူ့ရဲ့ အားသာချက်ကတော့ သိကြတဲ့အတိုင်းပဲ
အင်္ဂလိပ်သဒ္ဒါနည်းစနစ်တွေ၊ အသုံးအနှုန်းစည်းကမ်းချက်တွေ၊ ကြိယာစကားလုံးပုံစံတွေ၊ ကာလ(Tense)တွေ၊
ပုဂ္ဂလနာမ်းစားရဲ့ 3rd
person singular မှာ s သို့မဟုတ် es ပေါင်းထည့်တာ..... စတာတွေကို တသွေမသိမ်းလိုက်နာတယ်။ အရေးအသားမှာလည်း
အပေါ်ကထက်စာရင် ပိုမိုတိကျမှန်ကန်မှု ရှိနိုင်တယ်။
သူ့ရဲ့ အားနည်းချက်ကတော့ အမှားပြုလုပ်မိမှာ၊ စကားလုံးပြောမှားမှာ၊ သတ်ပုံတွေ၊
သဒ္ဒါစည်းကမ်း လိုက်နာမှု အားနည်းသွားမှာတွေကို အမြဲတမ်းကြောက်ရွံ့နေတဲ့အတွက် စကားပြောပိုင်းမှာ
အားနည်းသွားတတ်တယ်။ အဲဒီကြောက်ရွံ့မှုက သူ့အတွက် ဘာသာစကား
တိုးတတ်မှုလမ်းကြောင်းမှာ အဟန့်အတားဖြစ်သွားစေနိုင်တယ်။
အစွမ်းမရောက်တဲ့ မဇ္ဈိမပဋိပဒါလမ်းကြောင်းကို လိုက်နာပါ။
အကြံပြုချင်တာက အထက်ပါ ကျွမ်းကျင်မှု (၂) ခုစလုံးအရေးပါတယ်။
သွတ်လက်မြန်ဆန်စွာ ပြောဆိုနိုင်မှုဟာ လူဝင်ဆန့်စေတယ်။
လူမှုရေးဆိုင်ရာအသိုင်း အဝိုင်းတွေမှာ၊ အများနဲ့ ဆက်ဆံပြောဆိုတဲ့အခါ၊
ဘာသာရပ်အကြောင်းအရာတစ်ခုခုကို ဆွေးနွေးတဲ့အခါ အရေးပါသလို၊ ဘာသာစကားတစ်ခုကို မြန်ဆန်စွာ
တတ်မြောက်နိုင်ဖို့ အတွက် အကောင်းဆုံးသော ချဉ်းကပ်မှုတစ်ခု ဖြစ်ပါတယ်။
သဒ္ဒါစည်းကမ်းချက်ဟာ အင်္ဂလိပ်စကားပြောတဲ့အခါ မဖြစ်မနေလိုက်နာ ကြရတဲ့
မူဘောင်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အမြဲတမ်း 100% မှန်ကန်နိုင်ရမယ်လို့တော့
မပြောလိုပါဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားပြီး လိုက်နာဖို့ လိုအပ်ပါတယ်။
ကိုယ်ပြောလိုက်တဲ့ အင်္ဂလိပ် စကားလုံးတွေဟာ ဒီစည်းကမ်းချက်တွေကို လိုက်နာမှု
အားနည်းတဲ့အခါ၊ Broken English စကားပြော ဖြစ်သွားတယ်။ အသံထွက်
အားနည်းလို့ မဟုတ်ဘူး။ အသံထွက်အားနည်းတာကို လူတိုင်း နားလည်ပေးနိုင်တယ်။ ဒါပေမဲ့
သဒ္ဒါစည်းကမ်းချက်လိုက်နာမှု အားနည်းရင် ကိုယ်ပြောချင်တဲ့ စကားကို တစ်ဖက်သားက တလွဲ
နားလည်သွားနိုင်တယ်။ ဒါကြောင့် သဒ္ဒါနည်းစနစ်ဆိုတာ ဘာသာစကားတစ်ခုကို ဘယ်လို မှန်ကန်စွာ အသုံးချ ရမယ်။
စကားရပ်တွေ အနေနဲ့ အချိန်ကာလနဲ့အညီ ရှိသင့်ရှိ ထိုက်တဲ့ နေရာမှာ ထားသုံးတတ်ဖို့
မူဘောင်တွေ ချမှတ်ပေးတယ်။ အချိန်နဲ့ နေရာမမှား တော့ ဘူးဆိုတော့ ကိုယ့်အတွက်လည်း
အန္တရာယ် ကင်းပြီး အသုံးဝင် သွားတာပေါ့။
Ref:
https://www.britishcouncilfoundation.id/en/english/articles/fluency-vs-accuracy
https://www.theteflacademy.com/blog/2017/06/accuracy-vs-fluency-whats-the-big-deal/
https://icaltefl.com/accuracy-vs-fluency-in-tefl/
အားလုံးကို
ကျေးဇူးတင်ပါတယ်။
အောင်မြင့်။
(11/9/2022)

No comments:
Post a Comment