မနာလိုဖြစ်ခြင်း၏ထောင်ချောက်။The ENVY Trap.
Photo: Internet source.
ရည်ညွှန်းကျမ်းချက်များ - သု
၁၄း၃၀၊ မာ ၇း၂၀-၂၃
နိဒါန်း။
မနာလိုခြင်းကို
ဘယ်သူမှ သိပ်မကြိုက်ကြဘူး၊ ဒါပေမဲ့ ၎င်းရဲ့အကျိုးဆက် ဆိုးကျိုးကို သိပ်သတိ မထားမိကြဘူး။
မနာလိုခြင်းဟာ မကောင်းမှုဟူသမျှရဲ့ အရင်းအမြစ် ဖြစ်ပါ တယ်။ (Envy is the root of Evil)။ ဒါကြောင့်
ဒီလိုအတွေးမျိုးပေါ်လာပြီဆိုရင် အလွန် သတိထားသင့်ပါတယ်။ ဥပမာ-
✔ ကောင်းကင်ဘုံမှာ စာတန်အကြီးအကဲရဲ့ တွန်းလှန်ခြင်း။
(နေရာ/ရာထူးနှင့် တန်ခိုးအား တပ်မက်ခြင်း)
✔ ဧဒင်ဥယျာဉ်ထဲမှာ စာတန်၏လှည့်စားခြင်း။
✔ ဧသတာ၏ပုံပြင်။
✔ ဘုရင်ဆောလု၏ ဒါဝိတ်အပေါ်ကြံစည်မှု။
✔ ဂျူးလူမျိုးများနှင့် ရောမလူမျိုးတို့၏ ယေရှုအား
သတ်ဖြတ်ခြင်း။
✔ ယခု ကျွန်ုပ်တို့ -
ကျွန်တော်တို့မနာလိုဖြစ်ရခြင်းရဲ့ မတူညီတဲ့
အကြောင်းတရားပေါင်းများစွာ ရှိနေနိုင် ပါတယ်။ အများဆုံးကတော့ -
-
သူငယ်ချင်း/လုပ်ဖောင်ဆောင်ဖက်တွေရဲ့အလုပ်ကြိုးစားမှုမှ
ထွက်ပေါ်လာတဲ့ အောင်မြင်မှုကြောင့်။
-
သူငယ်ချင်း/လုပ်ဖောင်ဆောင်ဖက်တွေ
အရည်အချင်း၊ လုပ်ရည် ကိုင်ရည် ပြည့်ဝ လာပြီး၊ ကျွန်တော်တို့ရဲ့ လုပ်ရည်ကိုင်ရည်
မတိုးတတ်လာတဲ့ အခါ။
-
သူများ
တစ်စုံတစ်ခုခုကို သင်ယူနေသော်လည်း၊ ကျွန်တော်တို့အနေနဲ့ ဘာမှ
သင်ယူခြင်းမရှိတဲ့အခါ။
-
လုပ်ဖော်ဆောင်ဖက်/အသိုင်းအဝိုင်းမှ
အလွန်စာဖတ်ပေမဲ့၊ ကျွန်တော်တို့ စာဖတ်ခြင်း အားနည်းလာတဲ့အခါ။
-
ကျွန်တော်တို့ရဲ့
လုပ်ငန်းခွင်မှာ မိတ်ဆွေ၊ အပေါင်းအသင်းများ ရာထူး၊ လစာ တိုးမြှင့်ခြင်းခံရပေမဲ့၊
မိမိတို့ မပါလာတဲ့အခါ။
- အခြားသောသူများအနေဖြင့် တစ်ခုတည်းသောအရာကို အာရုံစူးစိုက်နေပေမဲ့၊ ကျွန်တော်တို့အနေနဲ့ သူများတကာရဲ့ လုပ်ဆောင်တဲ့အရာတွေ၊ ကိုယ်နဲ့ မသက်ဆိုင်တဲ့အရာတွေ၊ အရာခပ်သိမ်းကို စိတ်ဝင်စားတဲ့အခါ။
တကယ်တော့ မနာလိုခြင်းဟာ နောက်ထပ် ဆိုးဝါးတဲ့အရာတွေကို ဖြစ်ပေါ်စေဖို့ တွန်းအားပေးတဲ့ ထောင်ချောက်တစ်ခုပါပဲ။
“တည်ငြိမ်သောစိတ်နှလုံးသည် ကိုယ်ခန္ဓာ၏အသက်ဖြစ်၏။
မနာလိုဝန်တိုခြင်းမူကား အရိုးတို့ကို ဆွေးမြည့်စေတတ်၏။” (သု ၁၄း၃၀) Proverbs. 14: 30 “A
peaceful heart leads to a healthy body; jealousy is like cancer in the bones.”
“သင့်အိမ်နီးချင်း၏အိမ်ကိုမတပ်မက်ရ။
သင့်အိမ်နီးချင်း၏မယား၊ ကျွန်ယောက်ျားကျွန်မိန်းမ၊ နွား၊ မြည်းမှစ၍ သင့်အိမ်နီးချင်း၌ရှိသောအရာတစ်စုံတစ်ခုကိုမျှ
မတပ်မက်ရ”ဟု မိန့်တော်မူ၏။”(ထွက် ၂၀း၁၇)
ပညတ်တော် (၁၀) ပါး၏နောက်ဆုံးအချက်ဖြစ်ပါတယ်။
တကယ်တော့
မနာလိုခြင်းဟာ “ဘုရားသခင်၊ ကိုယ်တော်ရဲ့အကြံအစည်တော်ဟာ
ငါ့အကြံအစည်လောက်မတော်ပါလား?” လို့ ပြောလိုက်တာနဲ့အတူတူပဲ။ သူများကို သွား
အာရုံစိုက်စေပြီး၊ မိမိရဲ့ အရေးပါတဲ့ အာဂျင်ဒါတွေကို ဦးစားပေးမှု အားနည်းသွား
စေပါတယ်။
၁။ စိတ်ဓာတ်ရေးရာ အားနည်းမှုကို ဖြစ်စေခြင်း။
“၁၄:၃၀ ကျန်းမာသောစိတ်နှလုံးဆိုသည်မှာ
စိတ်အေးချမ်းသာ ဖြစ်သည်။ ထို့ကြောင့် Knox က “စိတ်နှလုံးချမ်းမြေ့သူသည်
ကျန်းမာသော ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်သည်”ဟု ဆိုသည်။
ငြူစူသောစိတ်သဘောထားက ရိုးတွင်းခြင်ဆီကုန်ခမ်းသဖြင့် အရိုးဆွေးမြေ့စေသည်။
သက်စိုး မရှည်နိုင်။ ထိုအကြောင်းကို Dr.Paul Adolph က ဤသို့ ရှင်းပြသည်။
အချို့အာရုံကြောများ၏ အဓိကအကြောင်းရင်းမှာ စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ စိတ်မတည်ငြိမ်ခြင်း (သူတပါးခွင့်မလွှတ်သဖြင့် ခံစားရသည် စိတ်ဖိစီးမှု)၊ ကြောက်ရွံ့မှု၊ စိတ်ရှုတ်ထွေးမှု၊ ရောဂါရရှိမှာ စွဲလန်းစိုးရိမ်ခြင်း၊ သံသယစိတ်၊ မနာလိုစိတ်၊ အတ္တလွန်ကဲမှု၊ သီးမခံနိုင်ခြင်းများကြောင့် ဖြစ်သည်။ ထိုရောဂါများ ပျောက်ကင်းအောင် မကုသနိုင်သည့် အကြောင်းရင်းမှာ စိတ်ပညာရှင် ဆရာဝန်များ၏ အဓိကအားနည်းချက် တခုဖြစ်သည်။ ကံအကြောင်းမလှသဖြင့် ကုသထုံးနည်းနာမှားယွင်းကြသည်။ အမှန်စင်စစ်၏ ထိုရောဂါကုထုံးနည်း အခြေခံအချက်မှာ ဘုရားသခင်၏ ယုံကြည်ခြင်းဖြစ်သည်။ ဘုရားသခင်ကို ငြိမ်သက်ခြင်း ရယူကုစားဖို့ မေ့လျှော့နေကြသည်။“ (ယုံကြည်သူအနက်ဖွင့်)
မနာလိုသဝန်တိုခြင်းဟာ
ဘုရားသခင်မှ မိမိအပေါ် ဖန်ဆင်းထားသည့်ပုံသဏ္ဌာန်အား ငြင်းပယ်ခြင်းပင် ဖြစ်ပါတယ်။ စိတ်နှလုံးသားဟာ
လူရဲ့အဓိကကျသော မကောင်းမှု အလုံးစုံတို့ရဲ့ သန္ဓေတည်တဲ့နေရာဖြစ်ပါတယ်။ စိတ်တည်ငြိမ်အေးချမ်းမှုဟာ
လူ့အသက်ကို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုရှိပေမဲ့လည်း၊ ဆန့်ကျင်ဘက် အနေဖြင့် မနာလိုခြင်းဟာ
လူတစ်ယောက်ရဲ့ စိတ်တည်ငြိမ်မှုကို မဖြစ်ပေါ်စေ တတ်ဘူး။ အမြဲတမ်း တစ်ဖက်သားကို
ငြူစူတတ်တယ်။ တစ်ဖက်သား ကိုယ့်ထက် ညံ့မှ (သို့) သူများ အောင်မြင်မှု/
ကောင်းကြီးမင်္ဂလာ ခံစားရမှုတို့အတွက် သူတို့နဲ့အတူ ဝမ်းမြောက်ပေးမည့်အစား၊
တစ်ဖက်သားကို နစ်နာစေချင်တာ၊ ကိုယ့်ထက်သာလွန် သောသူ မဖြစ်စေချင်တာ.. စတတွေကိုပဲ
တွေးတောနေတယ်။ သူများအတွက် မုဒိတာပွားခြင်း မရှိတတ်ဘူး။ ရှင်ပေါလု ပြောထားတဲ့ဟာ
နဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။
“ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်၍
ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးကြလော့။ 16အချင်းချင်း တစ်စိတ်တစ်သဘောတည်းရှိ
ကြလော့။ ထောင်လွှားသောသဘောမရှိဘဲ အခြေအနေနိမ့်ပါးသောသူတို့နှင့်
ပေါင်းသင်းဆက်ဆံကြလော့။ မိမိတို့ကိုယ်ကို ပညာသတိရှိသောသူဟူ၍
မထင်မှတ်ကြနှင့်။” (ရော ၁၂း၁၅-၁၆)
အမှန်တကယ်ပါပဲ
လူတစ်ယောက်ရဲ့ စိတ်တည်ငြိမ်ခြင်း၊ အေးချမ်းမှုတို့ဟာ လူတစ် ယောက်ရဲ့ ကျန်းမာရေးနဲ့
တိုက်ရိုက်သက်ဆိုင် ဆက်စပ်မှုရှိစေပါတယ်။
အသက်ကို ပိုရှည်စေတယ်လို့ ဆိုကြပါတယ်။ တချိန်လုံး သူများကို
မနာလိုဖြစ်ခြင်းဟာ မိမိစိတ်ဓာတ်ကို နိမ့်ကျစေတယ်။ သဘောထားကို ကျဉ်းမြောင်းစေတယ်။
စိတ်တည်ခြင်း မရှိတော့ နောက်ဆုံး ရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသက် အန္တရာယ်ထိခိုက်စေပါတယ်။
“မနာလိုဝန်တိုခြင်းမူကား အရိုးတို့ကို
ဆွေးမြည့်စေတတ်၏။”
အဲဒီမနာလိုခြင်းဟာ စိတ်ဓာတ်တင်မကပဲ၊ အရိုးထိပါ ဆွေးမြေးစေတယ် ဆိုတော့
ရိုးတွင်းခြင်ဆီကိုပါ ခန့်ခြောက်စေတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါကြောင့်
စိတ်ဓာတ်ရေးရာရော၊ ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ်။
ကျွန်တော်တို့
နိုင်ငံမှာဆိုရင် သူများသာပြီဆိုရင် အောက်ကို ဆွဲချတတ်တဲ့အကျင့်၊ မိမိကိုယ်ကို
မြှင့်တင်တတ်တဲ့အကျင့်မရှိဘူး။ ဥပမာ - အင်္ဂလိပ်စကား နည်းနည်း ပြောတတ်ရင်အောင်၊
ပိုတိုးတတ်လာအောင် ကြိုစားမဲ့အစား ဖုန်း/ကွန်ပျူတာတွေကို မြန်မာ စာစနစ်ပြောင်းပစ်လိုက်တာ၊
Upgrade
ဖြစ်လာမည့်အစား downgrade
ဖြစ်သွားရော။ မနာလိုခြင်းဟာ လူတစ်ယောက်ရဲ့ဘဝကို ဆုတ်ယုတ်စေတယ်။ ဘာလဲလို့လဲ ဆိုတော့
သူက မနာလိုခြင်း ဖြစ်နေလို့ပါပဲ။ ဒါဟာ သင့်ကို ဒီထက်မက မတိုးတတ်လာစေဖို့
ထောင်ချောက်ပါပဲ။ လက်ရှိ ရှိနေတဲ့နေရာကနေ ရှေ့တိုး/ နောက်ဆုတ်မရအောင်
ချည်ထောင်ထားတဲ့ ကြိုး/ထောင်ချောက်ပါ။
ဘာဖြစ်လို့လဲဆိုတော့
ဘုရားသခင်က လူအသီးသီးတို့ကို “ဖြစ်နိုင်တဲ့ အစွမ်းအစ” (ability
or potentiality) ပေးထားပြီး
ဖြစ်ပါတယ်။ မိမိဘဝကြီးထွားမှု၊ ကောင်းကြီး မင်္ဂလာခံစားမှုတို့သည်
မိမိ၏ဆုတောင်းခြင်း၊ ဘုရားအပေါ် ယုံကြည်ခြင်းနှင့် နည်းလမ်း မှန်ကန်စွာ
အလုပ်ကြိုးစားလုပ်ကိုခြင်း၊ မိမိဘဝ တိုးတတ်အောင် လေ့လာ သင်ယူ တတ်ခြင်း တို့ကနေ တိုက်ရိုက်ရောင်ပြန်ဟပ် အချိန်အခါအရ
ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ပြီးတော့ ကောင်းကြီးမင်္ဂလာဆိုတာ မြင်ရတဲ့
ရုပ်ဝတ္ထုထက် မမြင်တွေ့ နိုင်တဲ့ အရာအားဖြင့် အများကြီးတည်ရှိနေနိုင် ပါတယ်။ ဥပမာ
- စိတ်တည်ငြိမ်တာ၊ ဘုရားသခင်ရှုထောင့်ကနေ အရာခပ်သိမ်းကို သိမြင် တတ်တာ၊
ခံယူနိုင်တာ... စတာတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ ဒီ့ထက် ပိုမိုကျယ်ပြန့်နိုင်ပါတယ်။ “ဖြစ်နိုင်တဲ့
အစွမ်းအစ”(ability
or potentiality)
လို့ ပြောထားတဲ့အတွက် ဘာမှ မလုပ်ရင် ဘာမှတော့ ဖြစ်လာမှာ မဟုတ်ဘူး။ ဥပမာ-
လူတစ်ယောက် ကောင်းကြီး မင်္ဂလာခံ စားခြင်းဟာ သူ့ရဲ့ ဆုတောင်းအားခြင်းကြောင့်
ဖြစ်နိုင်သလို (သို့) နည်းလမ်း မှန်ဖြင့် ၎င်းလိုအပ်တဲ့အရာကို ရရှိလာအောင်
ကြိုးစားလုပ်ဆောင်ခြင်း ဖြင့်လည်း ဖြစ်ပေါ်လာ နိုင်ပါတယ်။ ဒီလိုလုပ်ဆောင်တတ်ခြင်းက
သူများအပေါ် မနာလိုခြင်းဖြစ်ဖို့ အချိန်မရှိ သလို၊ တစ်ဘက်မှာလည်း သူများဟာ
သူ့လိုပဲ ဘုရားသခင် ပေးထားတဲ့ ဆုကျေးဇူး (သို့) အစွမ်းအစကို
ကြီးထွားစေတာဖြစ်တယ်လို့ သူလက်ခံတာ ဖြစ်ပါ တယ်။
လက်တွေ့လုပ်ဆောင်ရန် -
ü ဒါကြောင့်
မိမိလုပ်ဖော်ဆောင်ဖက် လစာတိုးတာ (သို့) ရာထူးတိုးခြင်းအတွက် ဝမ်းမြောက်ပေးပါ။
ü သူများ
လက်ဆောင်ရတာ (သို့) ငွေကြေးဖြစ်ဖြစ် လက်ခံရရှိတာအတွက် ဝမ်းမြောက်ပေးပါ။
ü မိမိ
အိမ်နီးနားချင်း ကျန်းမာခြင်းအတွက် ဝမ်းသာပေးပါ။
ü မိမိ
အသိုင်းအဝိုင်းမှ လူတစ်ဦးတစ်ယောက် ပညာရေးမှာ ထူးချွှန်သောသူဖြစ်ပါ ဝမ်းသာပေးပါ။
နောက် ဒုတိယအချက်က....
၂။ မကောင်းမှုအားလုံးတို့၏ အစပြုရာနေရာကို ဖန်တီးပေးခြင်း - အတွင်းစိတ်။
ရှင်မာကုက......
20 တစ်ဖန် ကိုယ်တော်က
“လူ့အတွင်းမှထွက်လာသောအရာသည် လူကိုညစ်ညူးစေ၏။
21 အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊
ခိုးယူခြင်း၊ လူသတ်ခြင်း၊ 22 အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ လောဘလွန်ကျူးခြင်း၊
ဆိုးညစ်ခြင်း၊ စဉ်းလဲခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊
မာနထောင်လွှားခြင်းနှင့် မိုက်မဲခြင်းတို့သည် လူ၏အတွင်း သူ၏စိတ်နှလုံးထဲမှ
ထွက်လာကြ၏။ 23 ဤဆိုးညစ်သောအရာအားလုံးတို့သည် အတွင်းမှ ထွက်လာ၍ လူကို ညစ်ညူးစေ၏”ဟု မိန့်တော်မူ၏။ (မာ ၇း၂၀-၂၃၊ မြန်မာ့စီမံကျမ်း)
7:20-23 မကောင်းသော လုပ်ရပ်သည် တစ်ခုတည်းသော အတွေးဖြင့် အစပြုသည်။ ကျွန်ုပ်တို့၏ စိတ်များကို တပ်မက်စေခြင်း၊ ငြူစူခြင်း(အနာလိုခြင်း)၊ မုန်းတီးခြင်း သို့မဟုတ် ကလဲ့စားချေခြင်းအား ခွင့်ပြုခြင်းသည် အပြစ်ရှိသောလုပ်ရပ်များဆီသို့ ဦးတည်သွားစေမည် ဖြစ်သည်။ အပြစ်ရှိသော လုပ်ဆောင်ချက်များကို မှီဝဲဆည်းကပ် ခြင်းဖြင့် ဘုရားသခင်၏အမှုတော်အတွက် သင့်ကိုယ်သင် မထိုက်မတန်စေအောင် မဖန်တီးမိပါစေနှင့်။ အဆိုးကို တွေးခြင်းမှ ကောင်းသောအရာတစ်ခုမျှ မရရှိလာ နိုင်ပါ။ ယင်းအစား ပေါလု၏အကြံဉာဏ်ကို လိုက်နာပါ။
8 နောက်ဆုံးအနေဖြင့် ဆိုရလျှင်
ညီအစ်ကိုတို့၊ မှန်ကန်သောအရာရှိသမျှ၊ ဂုဏ်သရေရှိသောအရာရှိသမျှ၊
ဖြောင့်မတ်သောအရာရှိသမျှ၊ ဖြူစင်သန့်ရှင်းသောအရာရှိသမျှ၊
နှစ်သက်ဖွယ်ကောင်းသောအရာရှိသမျှနှင့်
ဂုဏ်သတင်းကောင်းသောအရာရှိသမျှတို့၌ ကောင်းမြတ်သောအရာတစ်စုံတစ်ခု၊
သို့မဟုတ် ချီးမွမ်းထိုက်သောအရာတစ်စုံတစ်ခုရှိလျှင် ထိုအရာတို့ကို
နှလုံးသွင်းကြလော့။ 9ငါ့ထံမှ သင်တို့သင်ကြားခံယူလျက်
ကြားနာသိမြင်ခဲ့သောအရာတို့ကို ပြုကျင့်ကြလော့။ သို့ပြုလျှင်
ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။ (ဖိလိ ၄း၈-၉) (Life Application Study Bible, 3rd
Edition,20`5, NLT)
အတွင်းစိတ်နှလုံးသားထဲမှာ
ပဋိသန္ဓေစွဲယူသွားတဲ့ မနာလိုခြင်းလို အတွေးမျိုးဟာ မကောင်းတဲ့ ရလဒ်ကို
ထွက်ပေါ်စေပါတယ်။ ပထမဦးဆုံး မိမိကိုယ်ကို မကောင်းတဲ့ အရာ ဖြစ်ပေါ်စေတယ်။ ထို့နောက်
ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ရှင်ယာကုပ်က
“14လူသည် မိမိတပ်မက်ခြင်း၏ဆွဲငင်ရာသို့ လိုက်ပါလျက် လှည့်ဖြားဆွဲဆောင်ခြင်းခံရကာ ဖြားယောင်းသွေးဆောင်ရာသို့ ရောက်တတ်၏။ 15ထိုအခါ တပ်မက်ခြင်းသည် သန္ဓေတည်၍ အပြစ်ကိုဖွားမြင်ပြီး အပြစ်သည် ကြီးပြင်းရင့်မာသောအခါ သေခြင်းကိုဖြစ်ပွားစေ၏။” (ယာ ၁း ၁၄-၁၅)
မကောင်းမှုဟူသမျှဟာ
စိတ်ထဲကနေ အစပြုတဲ့အတွက် မိမိစိတ်နှလုံးသားကို အထူးသတိထား စောင့်ရှောက်ဖို့
လိုအပ်ပါတယ်။ သုတ္တံကျမ်းထဲမှာလည်း ....
“23 သင်၏စိတ်နှလုံးကို
သတိဝီရိယရှိသမျှနှင့်ထိန်းသိမ်းစောင့်ရှောက်လော့။
အကြောင်းမူကား
၎င်းသည် အသက်၏အရင်းအမြစ်ဖြစ်၏။
24ကောက်ကျစ်သောနှုတ်ကို သင့်ထံမှဖယ်ရှားလော့။
စဉ်းလဲသောနှုတ်ခမ်းကိုလည်း
သင်နှင့်ဝေးကွာစေလော့။
25သင်၏မျက်စိသည် ရှေ့သို့ စေ့စေ့ကြည့်ပါစေ။
သင်၏မျက်လွှာသည်လည်း
သင့်ရှေ့တည့်တည့်အာရုံပြုပါစေ။
26သင်လျှောက်ရာလမ်းကိုချင့်ချိန်သုံးသပ်လော့။
သို့ပြုလျှင်
သင်၏လမ်းခရီးရှိသမျှတို့သည် တည်မြဲလိမ့်မည်။
27လက်ယာဘက်၊ လက်ဝဲဘက်သို့ မလှည့်နှင့်။
သင်၏ခြေကို
မကောင်းမှုမှ ဖယ်ခွာစေလော့။” (သု ၄း၂၃-၂၇)
ဒါကြောင့် ဒီမကောင်းတဲ့ ထောင်ချောက်ဖြစ်တဲ့ မနာလိုခြင်းနဲ့ ကင်းကွာစေဖို့ ၎င်းရဲ့ ဆိုးကျိုးတွေကို အသိအမှတ်ပြုရပါမယ်။ ဘုရားသခင် မကြိုက်တဲ့အရာတစ်ခု ဖြစ်ပါ တယ်။ ဒီအချက်တွေကို မလုပ်ဆောင်မိအောင် သမ္မာကျမ်းစာဖတ်ရှုခြင်းနဲ့ အထက်ပါ ကျမ်းပိုဒ်အတိုင်း ဘုရားသခင်ကို အမြဲတမ်းအာရုံစူးစိုက်ဖို့ သင်ယူခြင်းဖြင့် ဒီအရာနဲ့ ဝေးသထက် ဝေးအောင် ဘဝမှာ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
ဘဝမှာ
အားလုံးက သင်ယူစရာတွေနဲ့ ပြည့်နှပ်နေပါတယ်။ အနာဂတ်မှာ ကောင်းမွန်စွာ
ရှင်သန်နိုင်ဖို့အတွက် အမြဲတမ်း လေ့လာသင်ယူတတ်တဲ့ စိတ်ဓာတ်၊ အချိန်သတ်မှတ်
လေ့ကျင့်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ မွေးကနည်းကနေပါလာတဲ့ ကောင်းမွန်တဲ့
အရာတွေဟာ နည်းပါတယ်။ မကောင်းတဲ့အရာက များလွန်းပါတယ်။ ကျွန်တော်တို့ဟာ အပြစ်သား
ဘိုးဖွား - အာဒံနှင့် ဧဝတို့ဆီက သွေးသားအရ ဆက်စပ် ပါလာခဲ့ကြလို့ ဖြစ်ပါတယ်။ ဒါကြောင့်
မကောင်းတဲ့အရာတွေကို တတ်နိုင်သမျှ မလုပ်ဆောင်မိစေဖို့ ပြန်လည်သင်ယူကြ(Need to unlearn)ရပါမယ်။
My
personal sharing of my former co-ministers in the Teaching Ministry, they were
once had to experience poverty or even unable to support enough daily allowance
/ food/ meals but by God’s grace alone and blessings to them. Now, they have
been growing in their ministries and I am very much happy to seeing and hearing
about them, which really bring delightfulness in my heart. Though I still have
not been owing anything but the experiences and growing my professionalism. So
I do hope in the future, God will surely make me to see it.
မနာလိုဖြစ်ခြင်းအတွက် ကုသဆေးမှာ ဘုရားသခင်၏သင့်အား
မည်သူနဲ့မှ မတူအောင် အထူးသီးသန့် ထူးခြားသူဖြစ်အောင် ဖန်ဆင်းပေးပြီး၊
ကောင်းကြီးမင်္ဂလာချပေးထား ကြောင်းနှင့် သင့်အပေါ် ဆုကျေးဇူးအဖြစ် ပေးထားပြီးဖြစ်တဲ့
အစွမ်းအစတွေကို ဖွံ့ဖြိုး ကြီးထွားလာအောင် တမင်တကာ ဦးစားပေးလုပ်ဆောင်ခြင်းမှ အစပြုပါတယ်။
ဒါ့အပြင် လောကကြီးမှာ အသက်တာကုန်ဆုံးတဲ့အချိန်အထိ တသွေမသိမ်း လိုက်လျှောက် ကြီးထွား
ရင့်ကျက်လာအောင် ထိန်းသိမ်းခြင်းဖြင့် ဘုရားသခင်နှင့် သင့် အသိုင်းအဝိုင်း အား
အစေခံခြင်းပင် ဖြစ်ပါတယ်။
ဆရာကြီး Rick Warren က သူ့ရဲ့ the Purpose Drive Life စာအုပ်ရဲ့ အခန်းကြီး ၄၁ ထဲမှာ -
မနာလိုမှုက “ဘာကြောင့် သူတို့က အဲဒီလို ဖြစ်နေကြရတာလဲ?”
“ငါ့မှာ မရှိတာတွေ သူတို့က ဘာကြောင့် ရရှိနေကြတာလဲ?” လို့ မေးတတ်တယ်။
ကျေးဇူးချီးမွမ်းတတ်ခြင်းက “ငါက ဘာကြောင့်
ဒီလောက်ကောင်းမွန်တဲ့အရာတွေ ရရှိနေရတာလဲ?” “ငါက ဘာကြောင့်မို့လို ဒီလောက်
ကောင်းလွန်းနေတာလဲ?” လို့ မေးတတ်တယ်။
“20ငါတို့ထဲ၌
သက်ဝင်လှုပ်ရှားနေသောတန်ခိုးတော်အားဖြင့် ငါတို့တောင်းလျှောက်သောအရာ၊
သို့မဟုတ် ဆင်ခြင်သောအရာအားလုံးတို့ထက်
သာလွန်ထူးခြားစွာပြုနိုင်သောအရှင်၌ 21အသင်းတော်အားဖြင့်လည်းကောင်း၊
ခရစ်တော်ယေရှုအားဖြင့်လည်းကောင်း ခေတ်ကာလအဆက်ဆက်
ထာဝစဉ်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။” (ဧဖက် ၃း၂၀-၂၁)
နိဂုံးချုပ်
မနာလိုခြင်းဟာ
မမြင်တွေ့နိုင်တဲ့ စိတ်ထဲကနေ အစပြု ပဋိသန္ဓေစွဲယူပြီး၊ ကြီးမားပြီး
မြင်တွေ့လို့ရတဲ့ ဆိုကျိုးအဖြစ် ပြောင်းလဲသွားပါတယ်။ မိမိကိုယ်ကို
ဒုက္ခပေးတဲ့အပြင် သူများကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် ဘုရားသခင်ကို
ဆန့်ကျင်ရာလည်း ရောက်စေပါတယ်။ ယေဘုယျအနေဖြင့် ဘုရားသခင်မှ လူသားအားလုံးတို့အပေါ် ချစ်မြတ်နိုးပြီး၊
လူတိုင်းကို ကောင်းကြီးမင်္ဂလာချပေးကြောင်းကို အသိအမှတ်ပြု လက်ခံရမှာ
ဖြစ်တဲ့အပြင်၊ အရေးအကြီးဆုံးက မိမိ ဘာကြောင့် သူများနဲ့မတူသလဲ ဆိုတာထက် “ငါ က
ဘုရားနဂိုပေးထားတဲ့ ငါနဲ့သလား?” ဆိုတာကိုပဲ မေးမြန်း သင့်ပါတယ်။
နောက်ဆုံးသောနေ့ရက်/ ဘုရားသခင်ရဲ့ ရှေ့မှောက်တော်သို့ ရောက်ရှိ လာတဲ့အခါ
ဘုရားသခင်က “မင်းကို မင်းနဲ့တူအောင် ငါပေးထားခဲ့တဲ့ အစွမ်းအစကို
ဘယ်လိုကြီးထွားစေပြီး အကျိုးရှိရှိ နိုင်ငံတော်နှင့် ယုံကြည်သူများ အတွက်
အချိန်မှန် အသုံးပြုခဲ့သလား?” လို့ပဲ မေးမှာဖြစ်ပြီး၊ “မင်းဘာဖြစ်လို့ သူများနဲ့
မတူ သလဲလို့” မေးမှာ မဟုတ်ဘူးဆိုတာကို အမြဲတမ်း သတိရသင့်ပါတယ်။ ဒါကြောင့်
သူများရဲ့ ကောင်းတဲ့အချက်တွေ၊ သူများအလုပ် လုပ်ကိုင်ပုံ လုပ်ကိုင်နည်း၊ အသိပညာ၊
အတတ်ပညာရပ်တွေကို အတုယူကြရမှာဖြစ်ပေမဲ့လို့ ဘယ်အချက်တွေ(ဥပမာ-personality stytles)တွေကို တော့
မနာလိုမဖြစ်သင့်သလို၊ အတုယူသင့်/ မယူသင့်ဆိုတာကိုလည်း ခွဲခြားသိနိုင်ဖို့အတွက်
ဘုရားသခင်ပေးတဲ့ ဥာဏ်ပညာရပ်ကို လက်တွေ့အသုံးချကြရမှာဖြစ်ပါကြောင်း အနည်းငယ်
ဝေငှလိုက်ပါတယ်။
မနာလိုခြင်းကင်းဝေးကြပါစေ။
အားလုံးကို ဘုရားသခင် အသစ်တစ်ဖန်
ကောင်းကြီးမင်္ဂလာချပေးပါစေ။
ကျေးဇူးတင်ပါတယ်။
အောင်မြင့်(13\4/8/2022)

No comments:
Post a Comment